သထုံ ဩဂုတ် ၂၆
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒုံသမိချောင်းရေ မြင့်တက်လာရာ ဒူးရင်းဆိပ်ကျေးရွာ အနိမ့်ပိုင်း ချောင်းကမ်းနံဘေး လူနေအိမ်အချို့ရေဝင်ရောက်ခဲ့သဖြင့် ယနေ့နံနက်က ပြောင်းရွှေ့နေရာချထားမှုများ ပြုလုပ်ထားကြောင်း သိရ သည်။
ဒုံသမိချောင်းရေ မြင့်တက်လာသဖြင့် ရေဝင်ရောက်သည့် နေအိမ်များကို ရေလွတ်ရာဖြစ်သည့် ဒူးရင်း ဆိပ်ကျေးရွာ တပ်ဦး ဘုန်းတော်ကြီးကျောင်းနှင့် ရွာလည်ဓမ္မာရုံတို့၌ ပြောင်းရွှေ့နေရာချထားပေးရာ တပ်ဦးဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု(၁၀)စု၊ လူဦးရေပေါင်း (၅၃)ဦးနှင့် ရွာလယ်ဓမ္မာရုံ၌ အိမ်ထောင်စု(၄)စု၊ လူဦးရေပေါင်း (၂၆)ဦး၊ စုစုပေါင်းအိမ်ထောင်စု (၁၄)စုမှ လူဦးရေပေါင်း (၇၉)ဦးတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ သူ/သားများက ကူညီပြောင်းရွှေ့ နေရာချ ထားပေးခဲ့ကြသည်။
ဒူးရင်းဆိပ်ကျေးရွာတွင် ရေလုပ်ငန်းလုပ်ကိုင်သူ အများစုနေထိုင်ကြပြီး ဒုံသမိချောင်းရေမှာ ယင်းနေ့နံနက်ပိုင်း တိုင်းတာမှုအရ အဆိုပါ ချောင်းရေ၏ စိုးရိမ်ရေအမှတ်အောက် လေးပေနီးပါးခန့်သို့ ရောက်ရှိနေကြောင်း သိရသည်။
သက်ဦး(သထုံ)