မော်လမြိုင် ဩဂုတ် ၂၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ် ဆောင်နှင့် ပညာရေး ကောလိပ်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့်ဝင်ရောက်လာသော နေရပ်ပြန် ကျား(၆၃)ဦး နှင့် မ(၅၉)ဦး စုစုပေါင်း(၁၂၂)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။
ထိုသို့ Quarantine ဝင်ရောက်လာသော နေရပ်ပြန်များကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း၊ ကျန်းမာရေးဝန်ထမ်းများ၊ CBFQ ကွပ်ကဲရေးစခန်းမှတာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီသူနာပြု၊ တပ်ဖွဲ့အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့က နွေးထွေးစွာကြိုဆိုကြပြီး အဖျားတိုင်းခြင်း၊ စာရင်း သွင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ ပို့ဆောင်ပေးခြင်း၊ စားရေးသောက်ရေးစီစဉ်ပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။
Quarantine ဝင်ရောက်လာသူများကို အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်း၌ ထားရှိပြီး အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့အားရယူ၍ COVID-19 ရောဂါပိုးကူးစက်မှု ရှိ/မရှိ ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ပြီး ရက်သတ္တ တစ်ပတ်တွင်ကျန်းမာရေး စစ်ဆေးမှုတစ်ကြိမ် ဆောင်ရွက်ပေးကာ ရောဂါပိုး မတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်သို့ လွှဲပြောင်းပြီး မြို့နယ်များမှ(၂၁)ရက် ကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်းသိရသည်။ မေလ(၁)ရက်နေ့မှယနေ့အထိ ပြည်ပနိုင်ငံ အသီးသီးမှနေရပ်ပြန်လာသူပေါင်း (၁၂၀၈၇) ဦး ရှိပြီး ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)