ကျောက်ဖြူ ဇန်နဝါရီ ၂၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကလေး အလုပ်သမားပပျောက်ရေး အွန်လိုင်း အသိပညာပေး(Talk Show)ကို ကျင်းပြုလုပ်ကြောင်း သိရသည်။
အဆိုပါ (Talk Show)ဆွေးနွေးပွဲတွင် ကျောက်ဖြူခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ခရိုင် ဦးစီးမှူး ဒေါ်ခင်နွယ်ထွန်းက ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်ပြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာဉပဒေအရ အသက်(၁၈)နှစ် မပြည့်သေးသောသူကို ကလေးသူငယ်အဖြစ်သတ် မှတ်ထားကြောင်း၊ ကလေးသူငယ်ဥပဒေတွင် အခန်း(၃၀)၊ ပုဒ်မ (၁၂၁)ခုပါရှိကြောင်း၊ ကလေးသူငယ်များ၏ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများနှင ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ မူဝါဒများနှင့်အညီ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စံသတ်မှတ်ချက်များနှင့်ကိုက်ညီစွာ ခံစားခွင့်ရှိကြောင်း၊ အသက်(၁၄) နှစ်အထက် မည်သည့် ကလေးသူငယ်မဆို တည်ဆဲအလုပ်သမားရေးရာ ဥပဒေများနှင့်အညီ အလုပ်လုပ်ကိုင်ခွင့်ပါရှိသော်လည်း မည်သည့်ကလေးသူငယ်ကိုမှ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်း၊ ပြည်တန်ဆာပြုလုပ်ခိုင်းစေခြင်း၊ အလုပ်လုပ်ကိုင်ခွင့်ပြုခြင်း မပြုရကြောင်း၊ ကလေးသူငယ်များကို ပညာသင်ကြားချိန်၊ ကစားချိန်၊ နားနေချိန် မပေးဘဲခိုင်းစေခြင်း မပြုလုပ်ရကြောင်း ကလေးအလုပ် သမားပပျောက်ရန် ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်းစသည့် အသိပညာပေးများအား ကဏ္ဍစုံလင်စွာဖြင့် ဆွေးနွေးခဲ့သည်။
ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကိုဗစ်ကာလ အတွင်း ပြည်သူများ စာပေအသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အွန်လိုင်းမှတဆင့် ယခုလို အသိပညာပေးဆွေးနွေးပွဲ (Talk Show) များပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများပြုလုပ်ပြသပေးခြင်း၊ သုတ၊ရသ စာအုပ်အညွှန်းများ မိတ်ဆက် ခြင်းတို့အပြင် ကလေးများ ဉာဏ်ရည်၊ ဉာဏ်သွေးဖွံ့ဖြိုးလာစေရန်အတွက် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်း အစီအစဉ်များ ရိုက်ကူး ထုတ်လွှင့်ပြသပေးခြင်းစသည့် အသိပညာပေး အစီအစဉ်များအား Face Book Page မှ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ဒေါ်အောင်တင်ကြည် ဦးစီးအရာရှိ (တာဝန်ပေး) ထံမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)