မိုင်းယု ဇန်နဝါရီလ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ အများပြည်သူ သိရှိနိုင်စေရန် သတင်းထုတ်ပြန်ချက်အား ဒေသခံပြည်သူများ သိရှိစေရေးအသိပေး လက်ကမ်း စာစောင်များကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် အသိပေးသတင်းထုတ်ပြန်ချက်များ ဖြစ်သည့် အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်၊ ပြည်သူလူထုအားကြောက်ရွံ့ ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများစသည် အသံတိတ်သပိတ်ပြုလုပ်ရန် လှုံ့ဆော်မှုများ လူမှုကွန်ရက်များ၌ ပျံ့နှံ့နေသည်ကို တွေ့ရှိရပါသည်၊ အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်မှ တစ်ဆင့်နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက် ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေလိုက်ပါ လုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေ ပြုလုပ်ခြင်း၊ လှုံ့ဆော် ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေး ကူညီခြင်းများ အစရှိသည်တို့ကိုပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ. ၁၂၄ -က နှင့် ပုဒ်မ ၅၀၅ -က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃ (က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်သည်များ စသည့်အသိပေးချက်များ ပါဝင်သည်။
ပြည်သူလူထုလက်ဝယ်သို့ အသိပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
(မြို့ ပြန်/ဆက်)