ရန်ကင်းမြို့နယ်၌ အများပြည်သူသိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်အား အသိပညာပေး နှိုးဆော်

ရန်ကင်း ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်တွင် အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH၊ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Page များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူ ခံရနိုင်သဖြင့် အများပြည်သူသိရှိနိုင်စေရေး အသံချဲ့စက်ဖြင့် မြို့နယ်အတွင်းရှိရပ်ကွက်များ အတွင်း လှည့်လည် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောက်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ - က နှင့် ပုဒ်မ ၅၀၅ - က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဉပဒေပုဒ်မ ၃၃ (က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါကြောင်း၊ ထို့ပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်း နိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရ နိုင်ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒ ဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူ ခံရနိုင်ကြောင်း အသိပေးနှိုးဆော်ပြီးရပ်ကွက်များအတွင်းရှိ စျေးဆိုင်များ၊ စားသောက်ဆိုင်များ ၊စတိုးဆိုင်များ၊ car showroon များ၊ပရိဘောဂအရောင်းဆိုင်များအား ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့နှင့်စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်းပြီး ကြေငြာချက်အား လိုက်နာရန်လိုက်လံ အသိပေးနှိးဆော် ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက် (၁၅)ရပ်ကွက်တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက်များရှိ လမ်းများ၊ လမ်းဆုံများ၊ လူစည်ကားရာ ဈေး၊ ကားဂိတ်တို့တွင် အများပြည်သူ သိရှိလိုက်နာ နိုင်စေရေး အတွက် အသံချဲ့ စက်များ၊ လက်ကိုင်စပီကာများဖြင့် အသိပေးနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)