ညောင်ဦး ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးလုပ်ငန်းစဉ်များနှင့်အညီ မိမိတို့ မြို့နယ်အတွင်းဖြစ်ပေါ်လာနိုင်သော မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ မြေပြင်အခြေအနေနှင့်ကိုက်ညီမှုရှိသော လုပ်ငန်းစီမံချက်များအား နှစ်စဉ်ရေး ဆွဲကာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းများအား ကာကွယ် စောင့်ရှောက်လျက်ရှိကာ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ညောင်ဦးမြို့နယ်အတွင်း အသင့်စုဖွဲ့ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်စုအင်အား (၃၅)ဦးဖြင့် ညောင်ဦးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ပစ္စည်းများအား အချိန်နှင့်တပြေးညီ ထွက်ခွာတုံ့ပြန်ကူညီဆောင်ရွက်နိုင်ရန်နှင့် ဆုံးရှုံးမှုတန်ဖိုး နည်းနိုင်သမျှနည်းစေနိုင်ရေးအတွက် ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားအား ဇန်နဝါရီ ၂၈ရက်နေ့၊ နံနက် ၉နာရီအချိန်မှစတင်ကာ ညောင်ဦးမြို့ ၊အမှတ် (၆)၊အောင်မြေသာရပ်ကွက် အတွင်းရှိ ဆောက်လုပ်ဆဲ RC နှစ်ထပ်တိုက်အဆောက်အဦနှင့် လူနေအိမ်များတွင် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာန၊ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်၊ တက်ရောက်ခဲ့ကာ ဇာတ်တိုက်လေ့ကျင့်မှုအား နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ ASR Leval များဖြစ်သည့် ASR Leval (1) Wide Area Assessment - ASR Leval (2) Sector Assessment - ASR Leval (3) Rapid Search and Rescue - ASR Leval (4) Full Search and Rescue - ASR Leval (5) Total Coverage Search and Rescue LEVAL များအတိုင်း အဆင့် ၅ ဆင့်ဖြင့် ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားအား ၁၁ နာရီခွဲအချိန်ခန့်တွင်ပြီးစီးခဲ့ကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးကျော်မင်းသူထံက သိရသည်။
ကိုထိန်၊KPD