ထန်းတပင်(ရန်ကုန်)၊ ဇန်နဝါရီလ(၂၈)ရက်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့် ဒေသန္တရအမိန့်အမှတ် (၂/၂၀၂၂)ကို အများပြည်သူများ သိရှိစေရေးအတွက် ဇန်နဝါရီလ(၂၇)ရက်နေ့၊ ညပိုင်းက မြို့နယ်တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက အသံချဲ့စက်ဖြင့်လိုက်လံ အသိပေးနှိုးဆော်ခြင်းကို မြို့ပေါ်ရပ်ကွက် လမ်းများတလျှောက်တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အသိပေးနှိုးဆော်ရာတွင်လည်း မြို့နယ်တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိ သူများက အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော် တည်ငြိမ်ရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဖေဖော်ဝါရီလ (၁)ရက်နေ့၊ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအချိန်ထိ မည်သူမျှ နေအိမ်ပြင်ပထွက်၍ သွားလာ လှုပ်ရှားခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းများ မပြုဘဲ Silence Strike (အသံတိတ် သပိတ်)ပြုလုပ်ရန်နှင့် ညနေ(၄)နာရီအချိန်တွင် သပိတ်အောင်မြင်ခြင်း၊ အထိမ်းအမှတ်အဖြစ် လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း စသည်ဖြင့် အသံထွက်သပိတ် ပြုလုပ်ရန်နှင့် လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေ ဖြင့်လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေး ကူညီခြင်းပြုမိပါက တည်ဆဲဥပဒေအရ အရေးယူးဆောင်ရွက်သွား မည်ဖြစ်ကြောင်း အသိပေး နှိုးဆော်မှုများကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)