မင်းပြားမြို့ရှိ ဌာနဆိုင်ရာရုံးနှင့် ဝန်ထမ်းနေအိမ်များအား မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသ

မင်းပြား ဇန်နဝါရီ  ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့သစ်ရပ်ကွက်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ရုံးခန်းနှင့်နေအိမ်များ၊ လိုင်းခန်းများအား မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းကို ယမန်နေ့က မြို့နယ် မီးသတ်ဦးစီးဌာနမှ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးလူမော်နှင့် ဝန်ထမ်းများက မြို့သစ်ရပ်ကွက်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ရုံးခန်းနှင့် ဝန်ထမ်းနေအိမ်များ၊ လိုင်းခန်းများတွင် လျှပ်စစ်မီးနှင့် ထင်းမီးဖိုသုံးစွဲမှုအား စနစ်တကျရှိမှု၊ မီးဘေးလုံခြုံစေရန် လောင်စာသိုလှောင်မှုများအား စစ်ဆေးခြင်း၊ ရေအိတ်၊  သဲအိတ်၊ မီးသတ်လှေကား၊ မီးသတ်ချိတ်၊ မီးကပ်ပြားနှင့် မီးသတ် ဆေးဗူးများအား ကြိုတင်ကာကွယ် ထားရှိခြင်း၊ မီးသတိပေး ဆိုင်းဘုတ်များအား စိုက်ထူခြင်းနှင့် ရုံးဝန်ထမ်းမိသားစုများအား မီးငြှိမ်းသတ် သရုပ်ပြနည်းများအား လက်တွေ့ပြသကာ မီးဘေးလုံခြုံရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေးအတွက် အကြံပြုမှာကြား ခဲ့ကြောင်း သိရသည်။

သိန်းနုအောင်