ပုံပါကျင် ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေနိုင်ရေးအတွက် ပန်းခင်း စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာနေပြည်သူများထံသို့ အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ က ပုံပါကျင်မြို့၊ မိုင်းဟန်ကျေးရွာအုပ်စု၊ ကျောင်းတောရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပုံပါကျင်မြို့ ရှေ့တန်းရုံးတာဝန်ခံ လဝကမှူး ဦးမြင့်မိုးနှင့် ဝန်ထမ်းများက မိုင်းဟန်ကျေးရွာ အုပ်စု၊ ကျောင်းတောရွာအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လျှောက်ထားသည့် ကျေးရွာနေပြည်သူ (၆၁)ဦးတို့ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်ပေးခြင်း၊ ပျက်စီး/ ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း၌ မွေးတိုး/သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း တိုး/လျော့/ ပြောင်းဝင်/ပြောင်းထွက် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာသို့လည်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)