သီပေါမြို့နယ်တွင် “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်

သီပေါ ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍  ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလ အတွင်း ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်၊ ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ် ကောင်းမွန်စေရန် ရည်ရွယ်၍ “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” အသိပညာပေး ဆွေးနွေးပွဲ   Talk Show ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက အသိပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်သန်းရွှေမာက နေ့စဉ်ပုံမှန်အားကစား လှုပ်ရှားမှုကို အစာစားသကဲ့သို့ အချိန်အနည်းငယ် ပေးပြီးပြုလုပ်ကြရမည် ဖြစ်ကြောင်း၊ အမျိုးသား၊ အမျိုးသမီး အရွယ်သုံးပါးလုံး လေ့ကျင့်နိုင်သော ကိုယ်လက်လှုပ်ရှား အားကစားနည်းများ ကစားခြင်းဖြင့်  စိတ်ဓာတ်နှင့် ခန္ဓာအပေါ် ကောင်းသော အကျိုးသက်ရောက်မှုများ ရရှိခံစားရမည်ဖြစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစား နေ့စဉ်ပြုလုပ်ပေးမည်ဆိုပါက စိတ်ဖိစီးမှုကို လျော့ချပေးခြင်း၊ မိမိခန္ဓာကိုယ် အတွင်းသကြားဓာတ်ကို ထိန်းညှိပေး၍ ဆီးချို၊ သွေးတိုးရောဂါမှ ကာကွယ်ပေးခြင်းတို့ကြောင့် ပြည်သူများ အနေဖြင့် ကျန်းမာသော လူနေမှုဘဝကို ပိုင်ဆိုင်နိုင်စေရန်အတွက် ကိုယ်လက်လှုပ်ရှား အားကစားနည်းများကို လေ့လာလိုက်စား ကြရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန်   သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်း အဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါအသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော We Love Hsipaw Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)