ကွတ်ခိုင်မြို့ရှိ ယာယီပျံကျစျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး တာဝန်ရှိသူများစစ်ဆေး

ကွတ်ခိုင်    ဩဂုတ်   ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ ရေထွက်ဦးပန်းခြံအတွင်း ဖွင့်လှစ်ထားသည့် ယာယီပျံကျဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် တာဝန်ရှိသူများ ယနေ့ နံနက်ပိုင်းက သွားရောက် ကြည့်ရှု စစ်ဆေးသည်။

ထိုသို့ သွားရောက်ကြည့်ရှု စစ်ဆေးကြပ်မတ်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီမှတာဝန်ရှိသူများက ကိုရိုနာဗိုင်းရပ်စ် (Covid-19) ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယာယီပျံကျ စျေးအတွင်း ခင်းကျင်းရောင်းချသည့် သား/ငါး ဈေးသည် များ၊ ယာယီဈေးအတွင်းသို့ လာရောက်သည့် စျေးသူ‌ ဈေးသားများနှင့်  အခြား ဈေးဝယ်သူများ အနေဖြင့် နှာခေါင်းစည်း (mask)များ တပ်ဆင်ပြီး ဈေးရောင်း/ စျေးဝယ်ပြု လုပ်ကြရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်၊ စည်းကမ်းသတ်မှတ်ချက်များကို တိကျစွာ လိုက်နာကြရန်  အသိပညာပေးပြီး လိုက်နာမှု ရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးကြပ်မတ်‌သည်။

ကွတ်ခိုင်မြို့နယ်အတွင်း Covid-19ရောဂါကြိုတင် ကာကွယ်နိုင်‌ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်နှင့် အညီ  နေထိုင်သွားလာစေရန် သက်ဆိုင်ရာတာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်း အသိပညာပေး လုပ်ငန်းများ စဉ်ဆက် မပြတ်  လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမိုင်း(ပြန်/ဆက်)