နောင်ချိုမြို့နယ်၌ အများပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်ချက်အား နှိုးဆော်

နောင်ချို ဇန်နဝါရီလ ၂၈ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေရန် လှုံဆော်မှုများနှင့်ပတ်သက်၍ အများပြည်သူ သိရှိနိုင်ရန် အသံချဲ့စက်ဖြင့် လိုက်လံကြေငြာခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကြေညာချက်တွင် နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေရန် လှုံ့ဆော်မှုများနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက် အပေါ် အလေးအနက်ထား ထိရောက်စွာ လိုက်ပါဆောင်ရွက်ရေး၊ ယခုအခါ အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၏ Facebook account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး Silence Strike (အသံတိတ်သပိတ်)ပြုလုပ်ရန်၊ လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ စသည်ဖြင့် အသံထွက်သပိတ် ပြုလုပ်ရန်လှုံဆော် မှုများ၊ လူမှုကွန်ရက်များ၌ ပျံ့နှံ့နေသည်ကို တွေ့ရှိပါကြောင်း။ ယင်းသို့ လှုံဆော်မှုများအပေါ် ပြည်သူလူထုများ အနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် အများပြည်သူ သိရှိနိုင်စေရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါကြောင်း။

ယခုအခါ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်မှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက် ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေလိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ ပြုလုပ်မှုဖြင့် ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောက်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့်ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က)နှင့်တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါကြောင်း။ ထို့ပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်း ခံရနိုင်ပါကြောင်း။ သို့ဖြစ်ပါ၍ ပြည်သူများ အနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ်လိုက်ပါ ပြုလုပ်ခြင်း မပြုကြရန် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ပါကြောင်းကို နောင်ချိုမြို့နယ်အတွင်းရှိ အများပြည်သူများ သိရှိလိုက်နာဆောင်ရွက်ကြပါရန် အသံချဲ့စက်ဖြင့် လိုက်လံကြေငြာလျက် ရှိကြောင်း သိရသည်။

ထွေးငယ် နောင်ချို (ပြန်/ဆက်)