ရှင်ဗွေယန် ဇန်နဝါရီ ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဘောလုံးကွင်းသစ်ဖွင့်ပွဲကို ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီက ပြုလုပ်ကျင်းပခဲ့ပြီး ပွဲဦးထွက်အနေဖြင့် တရုံကျေးရွာ အသင်းနှင့် လဂျားဘွမ်ကျေးရွာ အသင်းတို့က ယှဉ်ပြိုင် ကစားခဲ့သည်။
(၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဘောလုံးကွင်းသစ်ဖွင့်ပွဲနှင့် ဘောလုံး အားကစားပြိုင်ပွဲကျင်းပရခြင်းသည် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ စည်းလုံး ညီညွတ် စေရေးနှင့် လူငယ်များ မူးယစ်ဆေးဝါးကင်းစင်၍ အားကစားစိတ်ဓာတ်များရှိစေရန် ရည်ရွယ်ကျင်းပကြောင်း မြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးလွင်ဦးက ပြောကြားသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို အသင်း (၇) သင်းဖြင့် ဇန်နဝါရီ ၂၇ ရက်နေ့မှ ဖေဖော်ဝါရီ ၁၂ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပထမဆု (၅)သိန်းကျပ်၊ ဒုတိယဆု (၃)သိန်းကျပ်နှင့် တတိယဆု (၂)သိန်းကျပ် ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘောလုံးကွင်းသစ်ဖွင့်ပွဲနှင့် ဘောလုံးအားကစားပြိုင်ပွဲကို မြို့အုပ်ချုပ်ရေးမှူးဦးလွင်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့ပေါ်ရှိ ပြည်သူများက လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။