တိုက်ကြီး ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် Silent Strike (အသံတိတ် သပိတ်)နှင့် ပတ်သက်၍ အများပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက်များကို ယနေ့ နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွားများအတွင်း အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ထုတ်ပြန်ရာတွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ် စေရန် ရည်ရွယ်ပြီး Silent Strike (အသံတိတ်သပိတ်) ပြုလုပ်ရန်၊ လက်ခုပ်တီးခြင်း၊ သံပုံး တီးခြင်း၊ ကားဟွန်းတီးခြင်းများ စသည်ဖြင့် အသံတိတ်သပိတ်ပြုလုပ်ရန် လှုံ့ဆော်မှုများ လူမှုကွန်ယက်များ၌ ပျံနှံ့နေသည်ကိုတွေ့ရှိရသည်။
အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက် ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိခြင်းကြောင့် ပြည်သူ များအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူ အနှောက်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများပြုလုပ် လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ - ကနှင့် ပုဒ်မ ၅၀၅ - က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ ( က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါကြောင်း၊ ထို့ပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း အသိပေးထုတ်ပြန်ခြင်းအား ရပ်ကွက်/ ကျေးရွာများအတွင်း လိုက်လံအသိပေးနှိုးဆော်ထားကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)