ရန်ကုန် ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Pageများမှ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်လှုံ့ဆော်မှုများ အပေါ် ပြည်သူများ အနေဖြင့် လိုက်ပါလုပ်ဆောင်များပြုလုပ်ပါက ဉပဒေအရ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်သဖြင့် အများပြည်သူ သိရှိနို င်စေရေး အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လှည့်လည် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းနှင့် ညပိုင်းတို့တွင် လှည့်လည်နှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင်အကြမ်းဖက်အုပ်စု အဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရား များ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့် ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေး ကူညီခြင်းများပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၂ (က) ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ - က နှင့် ပုဒ်မ ၅၀၅ - က ၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဉပဒေပုဒ်မ ၃၃(က)နှင့်တည်ဆဲဉပဒေများအရ အရေးယူခံရနိုင်ပါကြောင်း၊ ထို့ပြင်ပြစ်မှု နှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဉပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း၊ သို့ဖြစ်ပါ၍ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုကြရန်နှင့်ပြုလုပ်ပါက ဉပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပေး နှိုးဆော် တိုက်တွန်းထားပါသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်များနှင့် ရပ်ကွက် (၂၇)ရပ်ကွက်တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်များရှိ လမ်းများ၊ လမ်းဆုံများ၊ လူစည်ကားရာ ဈေး၊ ကားဂိတ် တို့တွင် အများပြည်သူ သိရှိလိုက်နာနိုင်စေရေးအတွက် အသံချဲ့စက်များ၊ လက်ကိုင်စပီကာများဖြင့် နှိုးဆော်အသိပေးလျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ရီ (ဒဂုံမြောက်)