ရန်ကင်း ဇန်နဝါရီ ၂၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က ပြောကြားရာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ရပ်ကွက်အတွင်း အေးချမ်းသာယာရေး အလေးထား ဆောင်ရွက်ကြစေ လိုကြောင်း၊ ရပ်ကွက်များအတွင်း အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းထားရှိပြီး လိုအပ်တာများ ဖြည့်စည်းပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများ ပုံမှန် စာသင်ကြား နိုင်ရေး၊စျေးများ ပုံမှန်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ကြရန်၊ ကံဘဲ့ဘူတာစျေး၊ စံပြရန်ကင်းစျေး၊ ဘောက်ထော်စျေး၊ ရန်ကင်းမြို့မစျေးအတွင်းရှိစျေး ရောင်းစျေး ဝယ်များစနစ်တကျ ပုံမှန်ရောင်းချ နိုင်ရေး စျေးတာဝန်ခံအရာရှိများမှ ကြပ်မတ်ဆောင်ရွက်ရန်၊ သန့်ရှင်းရေးဌာန၊ ပန်းဥယျာဉ်ဌာန များမှလည်း မိမိတို့၏တာဝန်ယူဆောင်ရွက်ရသည့်လုပ်ငန်းများအား ပုံမှန်လည်ပတ်နိုင်ရေး ဆောင်ရွက်ကြရန်၊ အားလုံးပူးပေါင်းပါဝင်မှသာ ရန်ကင်းမြို့နယ် အတွင်း အေးချမ်းသာယာပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ကျော်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ရန်ကင်းမြို့မစျေးတာဝန်ခံ ဦးအောင်မျိုးသန့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးမြင့်ဝင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်လာသည့် ဌာနဆိုင်ရာများက သိရှိလိုသည်များကို ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လှလှထွေး(ပြန်/ဆက်)