တောင်ကုတ်တက္ကသိုလ်ဖွင့်ပွဲ အထိမ်းအမှတ် အားကစားပြိုင်ပွဲများအား နောက်ဆုံးနေ့ ကျင်းပ

တောင်ကုတ်   ဇန်နဝါရီ ၂၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့၌ တောင်ကုတ် တက္ကသိုလ်အဆင့် ဖွင့်ပွဲနှင့် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများ နောက်ဆုံးနေ့ကို ယမန်နေ့ နေ့လယ်အချိန်၌ တောင်ကုတ်တက္ကသိုလ်ပင်မ ကျောင်းဆောင်ကြီး၏ ရှေကွင်းပြင်၌ အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ပိုက်ကျော်ခြင်း၊ ဘောလီဘော၊ ရခိုင်ရိုးရာကျင်ပွဲ ရွှေမောင်းတန်း၊ ငွေမောင်းတန်းနှင့် ကုန်းလှေပြိုင်ပွဲများအား ကျင်းပလျက် ရှိကြောင်း သိရသည်။

အဆိုပါ တောင်ကုတ်တက္ကသိုလ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲ နောက်ဆုံးနေ့၌ မြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးပတ်ဝန်းကျင် ဒေသများမှ ဒေသခံလူငယ် အသင်းအဖွဲ့များ ဝင်ရောက်ကာ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ ကျား၊ မ ဘော်လီဘော ပြိုင်ပွဲများ၊ ကျား၊ မ လွန်ဆွဲပြိုင်ပွဲများနှင့် ကုန်းလှေလှော် ပြိုင်ပွဲစသော ပျော်ပွဲရွင်ပွဲများအား ဒေသခံပြည်သူများ လာရောက်ကြည့်ရှုကာ စည်ကားလျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ရခိုင်ရိုးရာကျင်ပွဲ၌ ရခိုင်ပြည်နယ်အတွင်းမှ ကျင်သန်ကြီးများ ပါဝင်ကာ အကြိတ်အနိုင် ယှဉ်ပြိုင်လျက်ရှိပါသည်။

ကုန်းလှေပြိုင်ပွဲ အားကစားပြိုင်ပွဲများ ကျင်းပခဲ့ရာ ဂူတာရပ်ကွက် လူငယ်များအသင်းနှင့် ဝက်ကျိတ်အုပ်စု လူငယ်များအသင်းတို့ ဗိုလ်လုပွဲကျင်းပရာ ဂူတာရပ်ကွက် လူငယ်များ အသင်းက ပထမဒိုင်းဆုအား ရရှိသွားပြီး ဝက်ကျိတ်အုပ်စု လူငယ်များအသင်းက ဒုတိယ၊ နိဗ္ဗာန်ကူးတို့ လူငယ်များအသင်းက တတိယနှင့် ပွဲစဉ်တလျောက် အကောင်းဆုံး ယှဉ်ပြိုင်ခဲ့သော ရှင်သန်ရေးကူညီမှုအသင်းအား အထူးဆုများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

စန်းဝင်း(ပြန်/ဆက်)