မှော်ဘီမြို့နယ်တွင် အများပြည်သူသိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်အား အသိပညာပေး နှိုးဆော်

မှော်ဘီ ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH၊ NUG နှင့် ယင်းတို့ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Page များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြား စေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုများ ​အပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်​ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် အများပြည်သူသိရှိနိုင်စေရေး အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လှည့်လည်အသိပေး နှိုးဆော်ခြင်း လုပ်ငန်းကို တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းအချိန်က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့အသိပေး နှိုးဆော်ရာတွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော  CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိ နားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့် ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူ အနှောက်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ - က နှင့် ပုဒ်မ ၅၀၅ - က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါကြောင်း၊ ထို့ပြင်ပြစ်မှုနှင့် သက်ဆိုင်သည့်ရွှေ့ပြောင်း နိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင် ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း  အသိပေး နှိုးဆော်တိုက်တွန်းထားသည်။

အဆိုပါ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ စီစဉ်ကြီးကြပ် မှုဖြင့် အဖွဲ့ဝင်များနှင့်  ရပ်ကွက်/ကျေးရွာအုပ်စု (၄၃)အုပ်စုတို့မှ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများရှိ လမ်းများ၊ လမ်းဆုံများ၊ လူစည်ကားရာ ဈေး၊ ကားဂိတ်တို့တွင် ​အများပြည်သူ သိရှိလိုက်နာနိုင်စေရေးအတွက် အသံချဲ့စက်များ၊ လက်ကိုင်စပီကာများဖြင့် အသိပေးနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

ကောင်းမြတ်သူ (ပြန်/ဆက်)