ချမ်းအေးသာစံ ဇန်နဝါရီ ၂၇
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၂)အား လိုက်နာရန် ဈေးဆိုင်များအား အသိပေးကြေညာခြင်းကို ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လည် ၁၂နာရီမှစတင်၍ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဈေးများ၊ ရပ်ကွက်ဈေးများ၊ စားသောက်ဆိုင်များ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် လုပ်ငန်းများတွင် ပြုလုပ်ခဲ့သည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၂၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၂) ဖြင့် ထုတ်ပြန်ထားသည့် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ ကော်မတီက စီမံခန့်ခွဲနေသောဈေးများ၊ ရပ်ကွက်ဈေးများ၊ စားသောက် ဆိုင်များ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် လုပ်ငန်းများသည် CRPH၊ NUG၊ PDF နှင့် နိုင်ငံတော်တည်ငြိမ်ရေးကို မလိုလားသည့် ပြည်တွင်းပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့၏ ဥပဒေမဲ့လှုံ့ဆော်မှုများကို ထောက်ခံအားပေးသည့်အနေဖြင့် ဈေးများ၊ ရပ်ကွက်ဈေးများ၊ စားသောက်ဆိုင်များ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် လုပ်ငန်းများကိုပိတ်ခြင်း၊ အစိုးရကိုဆန့်ကျင်သည့် အခြားလုပ်ဆောင်ချက်များ လုပ်ဆောင်ပါက မန္တလေးမြို့တော်စည်ပင်သာယာရေး ဥပဒေ/ နည်းဥပဒေများအပြင် တည်ဆဲဥပဒေဖြင့်ပါ အရေးယူခံရမည်ကိုသိရှိကြောင်း ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက် (၂၀)မှ စားသောက်ဆိုင်၊ အထွေထွေနှင့် လုပ်ငန်း (၃၁၃)ခုအား အသိပေးလက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျန်ရှိသည့်လုပ်ငန်းများကိုလည်း အလားတူ ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင် (ပြန်/ဆက်)