ရေးမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများ ကျင်းပပြုလုပ်

ရေး  ဇန်နဝါရီ  ၂၈

မွန်ပြည်နယ် ရေးမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သိမ့်သိမ့်ရည်က စိန်ရတုပြည်ထောင်စုနေ့ကို အလေးအနက်ပြုသောအားဖြင့်  မိမိတို့ပြည်ထောင်စုကြီး   အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  ပြည်ထောင်စုစိတ် ရှင်သန်ထက်မြက်စေရေး ရည်ရွယ်ချက်ဖြင့် ယခုလိုပြိုင်ပွဲများကို ကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားပြီးနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်မြစန္ဒာညိုနှင့် အဖွဲ့ဝင်များမှ ပြိုင်ပွဲဝင် ကျောင်းသာ၊ ကျောင်းသူများအား ကြည့်ရှုအားပေး ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့် တက်ရောက်လာသူများသည် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် နှင့် စာအုပ်ပြပွဲများကိုပါ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခင်သိမ့်သိမ့်ရည်၊ ပြန်/ဆက်