ဒလ ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းရရှိစေရေးအတွက် ရည်ရွယ်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသလို အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်ရရှိရေးအတွက် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိရာ လက်ရှိအချိန်၌ ကျောင်းများအားလုံးနီးပါး ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်သင်းကျော်က နိုင်ငံသားတိုင်း နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ရရှိစေရေးအတွက် ပန်းခင်းစီမံချက်အကြောင်းကို အသိပညာပေးပြောကြားခြင်းနှင့် ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့်ပြီးသော ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်ရရှိစေရေးအတွက် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။
ဒလမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် အထက်တန်းကျောင်း(ခွဲ) အလကနှင့် အထက်တန်းအဆင့် ကျောင်းများမှ အသက် ၁၀ နှစ်ပြည့်နှင့် အသက် ၁၈ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ရရှိရေးအတွက် မြို့နယ်ပညာရေးဌာန၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၏ ပံ့ပိုးကူညီမှုဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန်ရှိသော ကျောင်းသား ၂၀၇ ဦး၊ ကျောင်းသူ ၂၄၃ ဦး၊ စုစုပေါင်း ၄၅၀ ဦးတို့အား ပေးပို့ထားပြီး ထပ်တိုးလာသော အသက်ပြည့်မီသူများအား ဆက်လက်၍ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ကျောင်းများအားလုံးနီးပါး ပြီးစီးတော့မည်ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။
နိုင်လင်းကျော်