ဆီဆိုင် ဇန်နဝါရီ ၂၈
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင် ရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေဖြင့် ဖြန့်ဖြူးထောက်ပံ့သော ဒေသဝက် (၁၀)ကောင်ကောင်နှင့် ဒေသကြက်(၁၀၀)ကောင် ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီက နားခိုက်ကျေးရွာအုပ်စု၊ ထီတန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ နီနီဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး ဆီဆိုင်မြို့နယ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုင်းသက်နောင်မှ ဒေသဝက်နှင့် ဒေသကြက်ထောက်ပံ့သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် တာဝန်ရှိသူများက ဒေသဝက် (၁၀)ကောင်ကို ထီတန်း ကျေးရွာရှိ အိမ်ထောင်စု(၁၀)စုသို့ တစ်အိမ်ထောင်လျှင် တစ်ကောင်နှုန်းဖြင့် ဖြန့်ဝေပေးပြီး ဒေသကြက်(၁၀၀)အား နောင်အဲကျေးရွာရှိ အိမ်ထောင်စု (၁၀)စုံသို့ တစ်အိမ်ထောင်လျှင် ဒေသကြက်ထီး တစ်ကောင်နှင့် ဒေသကြက်မ (၉)ကောင်တို့ကို ဖြန့်ဖြူးထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ပြန်/ဆက်)