ရန်ကုန် ဇန်နဝါရီ ၂၇
ဗဟန်းမြို့နယ်၌ နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေရန် လှုံ့ဆော်မှုများနှင့် ပတ်သက်၍ အများပြည်သူ သိရှိနိုင်ရန် အသံချဲ့စက် များဖြင့် လိုက်လံကြေညာခြင်းကို ယမန်နေ့ နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။
အဆိုပါကြေညာချက်တွင် နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေရန် လှုံ့ဆော်မှုများနှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အပေါ် အလေးအနက်ထား ထိရောက်စွာ လိုက်ပါဆောင်ရွက်ရေး၊ ယခုအခါ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၏ Facebook account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး Silence Strike (အသံတိတ်သပိတ်) ပြုလုပ်ရန်၊ လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ စသည်ဖြင့် အသံထွက်သပိတ် ပြုလုပ်ရန် လှုံဆော်မှုများ၊ လူမှုကွန်ရက်များ၌ ပျံ့နှံ့နေသည်ကို တွေ့ရှိရပါကြောင်း။ ယင်းသို့ လှုံ့ဆော်မှုများအပေါ် ပြည်သူလူထုများအနေဖြင့် လိုက်ပါလုပ်ဆောင် မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် အများပြည်သူ သိရှိနိုင်စေရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့မှ သတင်းထုတ်ပြန် ထားပါကြောင်း။
ယခုအခါ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက် ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါကြောင်း။ ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ပါကြောင်း။ သို့ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ် နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရ နိုင်ပါကြောင်းကို ဗဟန်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၂၂)ရပ်ကွက်တို့တွင်နေထိုင်ကြသော အများပြည်သူများ သိရှိလိုက်နာဆောင်ရွက် ကြပါရန် အသံချဲ့စက်များဖြင့် လိုက်လံကြေညာလျက်ရှိကြောင်း သိရှိရသည်။
အောင်မြင့်