ပင်လုံမြို့၌ သတင်းထုတ်ပြန်ချက်များအား ပြည်သူများသိရှိစေရန် အသိပေးနှိုးဆော်

ပင်လုံ  ဇန်နဝါရီ  ၂  

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် အကြမ်းဖက်အဖွဲ့ဝင်များ၏ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မူများတွင် ပြည်သူများအနေဖြင့် ပါဝင်ပတ်သက်မှု မရှိစေရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ ညနေ (၄)နာရီအချိန်ခန့်က မြို့ပေါ် (၄)ရပ်ကွက်တွင် အသံချဲ့စက်များဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပင်လုံမြို့မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်(၁)နှင့် ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်(၄)တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထား သော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

ထို့ပြင် ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ် ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ ပြုလုပ်မှုဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ - ကနှင့် ပုဒ်မ ၅၀၅ - က အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း ပြစ်မှုနှင့်သက်ဆိုင် သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း စသည့်အချက်များကို လိုက်လံအသိပေး နှိုးဆော်ခဲ့ ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)