နမ္မတူတွင် အသက်(၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် COVID Shield အမျိူးအစား ကိုဗစ်ကာကွယ်ဆေးများ ထပ်မံထိုးနှံပေး

နမ္မတူ   ဇန်နဝါရီ   ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသာပတေးနေ့များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ နေ့ နံနက်ပိုင်းအချိန်က စတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက်(၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် COVID Shield အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာ ရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် COVID Shield အမျိုးအစား ကာကွယ်ဆေး တစ်လုံးလျှင် လူဦးရေ (၁၁)ဦးနှုန်းဖြင့် မြို့နယ်အတွင်းနှင့် ကျေးရွာအုပ်စုများ အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ကာကွယ်ဆေး ထိုးရန်ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက်  မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ဆေးထိုးရန် လာရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့သည်။

နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ ညနေပိုင်းအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၇၅၅၄ ဦး၊ ကျောင်းသား/ ကျောင်းသူ ၁၀၉၄ ဦး၊ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၅၇၇၆ ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၈၂ ဦး၊ စုစုပေါင်းကာကွယ်ဆေး ထိုးနှံပြီးသည့် တိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူ ၁၄၅၀၆ ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

လူမော်