မိုင်းဖြတ် ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က အမှာစကားပြောကြားပြီး စာထောက် - ၃ ဒေါ်နန်းကောင်ခမ်းက ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် “ပြည်ထောင်စုပန်းတိုင်” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲကိုကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၃)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ပြိုင်ပွဲတွင်ဆုရရှိခဲ့သည့် ကျောင်းသူ၊ ကျောင်းသူများကို မြို့နယ်ဦးစီးမှူးက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ခင်းကျင်းပြသသည့် စာအုပ်ပြပွဲများကို လေ့လာဖတ်ရှုခဲ့ ကြောင်း သိရသည်။
သန်းထွန်းအေး