ကျောက်ဆည်မြို့တွင် အစိုးရ၏ သတင်းထုတ်ပြန်ချက်များအား အများပြည်သူများသိရှိစေရန် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်ဆည် ဇန်နဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် CRPH, NUG နှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများမှ လှုံ့ဆော်ထားသော အသံတိတ်သပိတ်တွင် ပြည်သူများလိုက်ပါ ဆောင်ရွက်ခြင်းမရှိစေရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈) နာရီ (၄၅) မိနစ်အချိန်က လူစည်ကားသည့် လမ်းဆုံမီးပွိုင့်များနှင့် ဈေးများတွင် ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင်  အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH, NUG နှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook account များမှ နိုင်ငံတော်တည်ငြိမ် အေးချမ်း ရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး Silence Strike (အသံတိတ်သပိတ်) ပြုလုပ်ရန် လက်ခုတ် တီးခြင်း၊ ကားဟွန်းတီးခြင်းများ မပြုလုပ်ရန်နှင့် ပြည်သူများအနေဖြင့် လိုက်နာခြင်းမရှိဘဲ အဆိုပါ လှုံ့ဆော်ခြင်းများအား လိုက်ပါပြုလုပ်ခြင်း၊ စည်ရုံးလှုံ့ဆော်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်ခြင်းများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီ ခြင်းများ မပြုလုပ်ကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ပြီး ပြစ်မှုနှင့်သတ်ဆိုင်သည့် ပစ္စည်းများကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအရ နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း စသည့်အသိပေးချက်များ ပါဝင်ကြောင်း သိရှိရသည်။

အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူး ကျော်ဘထွန်း၊ ကျောက်ဆည်တပ်နယ်မှ ဗိုလ်ကြီးအေးမင်းအောင်နှင့်တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနိုင်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ရန်နိုင်ဝင်း၊ အမှတ်(၉၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲမှူးကောင်းမြတ်သူနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ရက်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး အသိပညာပေးလက်ကမ်း စာစောင်(၁၆၀၀)စောင်အား ကံဦးရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်း မြို့လယ်မီးပွိုင့်၊ ကြက်မင်းတွန်မီးပွိုင့်၊ မြို့မဈေးနှင့်အေးမြကြည်လင်ဈေးများတွင် ခရီးသွားများနှင့် ဈေးရောင်း/ ဈေးဝယ် ပြည်သူများအား လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)