သီပေါ ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒီဇင်ဘာလတွင် ပထမအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပြီးသော အခြေခံပညာကျောင်းများမှ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၉)ဦး၊ ရွှေမောင်းသီလရှင် စာသင်တိုက်မှ သီလရှင် ဆရာလေး (၁၃)ပါး၊ စုစုပေါင်း(၂၂)ဦးတို့ကို ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် အခြေခံပညာကျောင်း များမှဆရာ၊ ဆရာမများက ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်လေး (သီပေါ၊ပြန်/ဆက်)