အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးနှိုးဆော်

ရန်ကုန် ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေ ရန် ရည်ရွယ်၍ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ နှိုးဆော်ခဲ့ သည်။

နှိုးဆော်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်လာပါက နှာခေါင်း စည်းတပ်ဆင်ပြီး ထွက်ခွာရန်၊ တစ်ဦးနှင့် တစ်ဦး ၆ ပေ အကွာမှ နေကြရန်၊ ပြင်ပဧည့်သည်များ လက်မခံရန်၊ မလိုလားအပ်ဘဲ ပြင်ပသို့ မထွက်ကြရန်၊ လက်ကို ဆပ်ပြာဖြင့် ဆေးကြောရန်၊ လေဝင် လေထွက် ကောင်းသောနေရာများတွင် နေထိုင်ရန်၊ ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံကြရန်၊ သတ်မှတ်ထားသော နေရာများတွင် စနစ်တကျ ထိုးနှံနိုင်ရေး ဆောင်ရွက်ကြရန်၊ ရုရှားနိုင်ငံထုတ် Sputnik Light ကာကွယ်ဆေးသည် တစ်ကြိမ်သာ ထိုးနှံရမည် ဖြစ်ပြီး လာရောက်ထိုးနှံကြရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် အကြောင်းသိကောင်း စရာများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ နေထိုင်ကြ ရန် စသည့် ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မော်တော်ယာဉ် လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)