သထုံ မတ် ၂
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းကာ “ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ (Public Talk)ကို ယနေ့ နံနက်က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးနှင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ သထုံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလွင်ဦးတို့က အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်လေးနွယ်က စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(သထုံ)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများက ကိုရိုနာဗိုင်းရပ်စ်အကြောင်း၊ ရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ်နည်းများ၊ စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မိသားစုအတွင်း အလွယ်တကူ ကူးစက်နိုင်ခြင်းရှိမရှိ၊ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သတ်၍ နိုင်ငံတော်မှ လက်ရှိ ဆောင်ရွက်နေမှုများစသည့် သိလိုသည်တို့ကို မေးမြန်းရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်၊ သထုံခရိုင်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းသင်းအိနှင့် ခရိုင်ကျန်းမာရေးအရာရှိ ဦးစိုးအောင် တို့က မေးမြန်းချက်များနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ သထုံမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင် ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(သထုံ)မှ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)