တာမွေမြို့နယ်အတွင်းရှိ ပြည်သူ(၉၇၀၀)ကျော်အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး နိုင်ခဲ့ပြီဖြစ်

ရန်ကုန် ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးကို ဥပဒေနှင့် အညီ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်းရှိ ပြည်သူ (၉၇၀၀)ကျော်အား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးရာတွင် လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ များအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ ရပ်ကွက်(၂၀)တွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ မြို့နယ်အတွင်းရှိ ပြည်သူအမျိုးသား (၄၈၉၀)ဦးနှင့် အမျိုးသမီး (၄၈၁၇)ဦး စုစုပေါင်း (၉၇၀၇)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီး ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)