ပုဏ္ဏားကျွန်း ဇန်နဝါရီ ၂၇
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၌ ပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် ကိုယ်ထူကိုယ်ထ အောက်စီဂျင်စက်ရုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အောက်စီဂျင် စက်ရုံခန်းမဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များအား ပင့်ဖိတ်၍ ငါးပါးသီလခံယူဆောက်တည်ပြီး၊ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော် များကို နာယူကာ အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌဦးမောင်ယဉ်က ကိုယ်ထူကိုယ်ထပြည်သူများ၏ စုပေါင်းတည့်ဝင်ငွေဖြင့် တည်ဆောက်ထားသော အောက်စီဂျင် Plant စက်ရုံနှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားပြီး၊ တာဝန်ရှိသူတို့က အောက်စီဂျင်စက်ရုံအားဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ ထိုနောက် အောက်စက်ဂျင်စက်ရုံ ဆိုင်းဘိုးကမ္ပည်းမော်ကွန်းအား အောက်စီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်ယဉ်က စက်ခလုပ်ဖြင့် ဖွင့်လှစ်ပေးပြီး အောင်သပြေပန်းနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
အခမ်းအနားသို့ အောက်စီဂျင်စက်ရုံဖြစ် မြောက်ရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်များတက်ရောက်ခဲ့ကြပြီး၊ အဆိုပါ အောက်စီဂျင်စက်ရုံအားပြည်သူများ၏ စုပေါင်းထည့်ဝင်လှူဒါန်းငွေ(၂၆၇,၇၈၅,၃၅၀)ကျပ်သိန်းဖြင့် စတင်တည်ဆောက်ခဲ့ရာ အောက်စီဂျင်စက် ပစ္စည်းတန်းဖိုး အမေရိကန်ဒေါ်လာ(၃၂,၀၀၀)ကုန်ကျကာ တစ်နေ့လျှင်လီတာ ၄၀ ဆံ့ဝင် အောက်စီဂျင်အလုံး ၅၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး၊ စစ်တွေ ခရိုင်အတွင်းရှိ ပြည်သူများအတွက် အောက်စီဂျင်လိုအပ်ချက်များကို ကောင်းမွန်စွာဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)