မိုင်းဖြတ် ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပြည်သူများအနေဖြင့် ပါဝင်ပတ်သက်မှု မရှိစေရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့မဈေးနှင့် ယာယီပျံကျဈေးတို့၌ အသံချဲ့စက် များဖြင့် အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးနှင့် တာဝန်ရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတိုနှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများက နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက် တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။
ထို့အတူ မိုင်းဖြတ်မြို့နယ်၊ စည်ပင်သာယာရေးဌာန၏ ဌာနပိုင်ဈေးများအတွင်း ဖွင့်လှစ်ရောင်းချလျက်သည့် စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များ၊ ကုန်စုံဆိုင်များစသည့် ဈေးဆိုင်များ၊ အများပြည်သူ အပန်းဖြေရန် ပြုလုပ်ထားသော ပန်းခြံ၊ ပန်းဥယျာဉ်များကို လပြည့်၊ လကွယ်နေ့များနှင့် ဥပုဒ်နေ့များမှအပ ကျန်ရက်များတွင် ဖွင့်လှစ်ရောင်းချနိုင်ရေး၊ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ၊ ထပ်ဆင့်မျှဝေခြင်းတို့ကြောင့် ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများပြည်သူများ သိရှိနိုင်ရေး အတွက် ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများက မြို့နယ် စည်ပင်သာယာရေးဌာနမှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာ စာများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)