ကျိုင်းတုံ ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စုတွင် နွေစပါးမျိုးစေ့ထုတ် စိုက်ခင်းကွင်း လက်တွေ့သရုပ်ပြ စိုက်ပျိုးပြသခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် မျိုးမင်းထွန်းက အရည်အသွေး ပြည့်မီသော စပါးမျိုးစေ့ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စနစ်တကျဖြန့်ဖြူ ပေးနိုင်ရေးကြိုးပမ်းလုပ်ဆောင်ကြရန်နှင့် စိုက်ပျိုးထွက်ရှိလာသည့်စပါးများမှ ပိုလျှံသည့် စပါး များကိုဆန်အဖြစ် ပြောင်းလဲထုတ်လုပ်ကာ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေး၊ ဈေးကွက်ရရှိရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးဌာနမှူး ဦးလှဝင်းက သီးနှံစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။
ယင်းနောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းတို့က တောင်သူများထံ သွင်းအားစုများ ထောက်ပံ့ပေးအပ်ပြီး နွေစပါး မျိုးစေ့ထုတ် စိုက်ခင်းကွင်း လက်တွေ့သရုပ်ပြ စိုက်ပျိုးပြသဆောင်ရွက်နေမှုအား ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)