မိုင်းပန် ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပြည်သူများအနေဖြင့် ပါဝင်ပတ်သက်မှု မရှိစေရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ (၅)နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်များဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းက မြို့ပေါ်ရပ်ကွက်များတွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူ လူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်း တွေ့ရပါသည်။
ထို့ပြင် ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်း ဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့်တည်ဆဲ ဥပဒေများအရ အရေးယူခံရနိုင်ကြောင်း ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်း နိုင်သော ပစ္စည်းများကို အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်း ခံရနိုင်ကြောင်း စသည့် အချက်များကို ရှမ်း၊ မြန်မာ နှစ်ပါသာဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မိုင်းပန် (ပြန်/ဆက်)