မိုင်းဆတ် ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့ နံနက် ၇ နာရီက မြို့ပေါ် ရပ်ကွက်အတွင်း မြန်မာ၊ ရှမ်း၊ လားဟူဘာသာစကားဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိအိမ်၌သာ နေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင် လက်မခံရန်နှင့် အခြားသူများ အိမ်သို့ သွားရောက်လည်ပတ်ခြင်းမပြုရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ လက်ကို စနစ်တကျ မကြာခဏ ဆေးကြောခြင်း၊ အိုမီခရွန် မျိုးကွဲသစ် သည် မူလကိုဗစ်-၁၉နှင့် မတူခြင်း၊ “ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း ၊ လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရဖူးသူများ ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်း တို့ကြောင့် ပြည်သူလူထုအနေဖြင့် လူစု လူဝေးရှောင်ခြင်း၊ တစ်ဦးနှင့် တစ်ဦးခြောက်ပေအကွာနေထိုင်ခြင်းစသော ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အလေးထား လိုက်နာပြီးကာကွယ်ကြရန်” Hand Speaker အသုံးပြု၍ ဝိန်းနေရပ်ကွက်နှင့် ကျဒယ်ရပ်ကွက်တို့တွင် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
မြင့်မောင်