ငါန်းဇွန် ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုး မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်တာဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက် ၉နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပညာပေး နှိုးဆော်ကြောင်း သိရသည်။
ထိုသို့ လှည့်လည်အသိပညာပေးနိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ခြင်းနှင့် လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်နှင့် လူအများစုဝေးရာသို့ သွားရောက်ရန်များရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျတပ်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ခြင်း၊ လေဝင်လေထွက်ကောင်းသည့်နေရာတွင် နေထိုင်ခြင်း၊ သံသယရောဂါလက္ခဏာ တစ်စုံတစ်ရာရှိပါက မိမိဘာသာကုသခြင်းမျိုး မဆောင်ရွက်ဘဲ နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်သတင်းပေးပို့၍ မိမိနှင့် အနီးကပ်ထိတွေ့သူများအား ကျန်းမာရေးဌာနက စုံစမ်းရှာဖွေဖော်ထုတ်ရာတွင် သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ ဆက်စပ်ခဲ့သူများသည်လည်း ကျန်းမာရေးဌာနသို့ သတင်းပေးပို့၍ အသွားအလာကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ ကာကွယ်ဆေးများကိုလည်း အကြိမ်ပြည့် ထိုးနှံ ကြရန်နှင့် ကာကွယ်ဆေး ထိုးပြီးသော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများ၊ ဆောင်ရန်/ ရှောင်ရန် အချက်များ လိုက်နာကြပါရန် စသည့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ကြိုတင်ကာကွယ် တားဆီးနိုင်ရေး သတိပြုကြရမည့် အချက်များအား မိဘပြည်သူများ သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်တိုက်တွန်း နှိုးဆော်ကြောင်း သိရသည်။
သက်နောင်ဦး (ငါန်းဇွန်)