ကျိုင်းတောင်း ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း ယနေ့နံနက် ၉ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် Omicron (အိုမီခရွန်) မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိ ကာကွယ်ဆေး များ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမို မြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထု အနေဖြင့် ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများ ထံသွားရောက်ခြင်းမပြုရန်၊ အပြင် ထွက်ပါက ပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀) ကြာဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန် ၊နှာခေါင်းစည်း (Mask) မတပ်ဆင် ထားသောသူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်စသည့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို လှည့်လည် အသိပေး နှိုးဆော်ခဲ့ သည်။
သီဟ(ပြန်/ဆက်)