ပူတာအို ဇန်နဝါရီ ၂၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာ အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲတွင် ကဗျာဆရာ မောင်နိုင်လင်း (ကောလင်း) ရေးစပ်ထားသည့် “အေးရိပ်ဆာယာ” စာအုပ်ကလေးကဗျာများမှ “ပြည်ထောင်စုနေ့” ကလေးကဗျာကို အခြေခံပညာအလယ်တန်း အဆင့် ကျောင်းသူ ကျောင်းသား (၁၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရ ကျောင်းသူ ကျောင်းသားများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အဆိုပါပြိုင်ပွဲကို ကျောင်းသူ ကျောင်းသားများအနေဖြင့် ပြည်ထောင်စုကို ချစ်မြတ်နိုးသည့် စိတ်ဓါတ်ဖြစ်ပေါ်လာစေရန်နှင့် လူ့ပတ်ဝန်းကျင်တွင် ပြောရဲဆိုရဲသည့် အလေ့အကျင့်ကောင်းများ ရှိလာစေရန်အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်