ရွာငံမြို့တွင် အများပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်ချက်များ အသိပေးနှိုးဆော်စာ

ရွာငံ ဇန်နဝါရီလ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် Silent Strike (အသံတိတ်သပိတ်)နှင့် ပက်သက်ပြီး ဒေသခံပြည်သူများသိရှိစေရေး အသိပေးထုတ်ပြန်ချက်များကို ယမန်နေ့ ညနေ(၆)နာရီနှင့် ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ အတွင်း အသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့နှိုးဆော် အသိပေးသတင်းထုတ်ပြန်ရာတွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့နှင့်ဆက်နွယ်‌နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများစသည်ဖြင့် အသံတိတ် သပိတ်ပြုလုပ်ရန် လှုံ့ဆော်မှုများ လူမှုကွန်ရက်များ၌ပျံ့နှံ့နေသည်ကို တွေ့ရှိရပါသည်။ 

အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှု ကွန်ယက် Facebook Account များမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံဆော်မှု၊ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေလိုက်ပါ လုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေ၊ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကို ပြုလုပ်မိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ. ၁၂၄ -ကနှင့် ပုဒ်မ ၅၀၅ -က၊ အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃ (က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်း အသိပေး ထုတ်ပြန်ခြင်းအား မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံအသိပေးနှိုးဆော်ထားကြောင်းသိရသည်။

ပြည့်ဖြိုးသန့်