ကျောက်ဆည်မြို့နယ် မယ်ဇယ်ပင်ကျေးရွာ၌ သတ္တမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေကျပ် (၄၆၀)သိန်း ထုတ်ချေးပေး

ကျောက်ဆည်  ဇန်နဝါရီ   ၂၇

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် အသက်မွေ းဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်ပြီး မိသားစု ဝင်ငွေတိုးပွားစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက်  မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီက  မယ်ဇယ်ပင်ကျေးရွာ၌ သတ္တမ အကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေကျပ်(၄၆၀)သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့်ဝန်ထမ်းများက စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ(၆၅)ဦးအတွက် ငွေကျပ်(၂၈၆)သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၂၂)ဦး အတွက် ငွေကျပ်(၇၁)သိန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းသူ (၅)ဦးအတွက် ငွေကျပ်(၁၈) သိန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ(၁၇)ဦးအတွက် ငွေကျပ်(၈၅)သိန်း၊ စုစုပေါင်း စီးပွားရေး လုပ်ကိုင်သူ(၁၀၉)ဦးအတွက် ငွေကျပ်(၄၆၀)သိန်း  ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် မယ်ဇယ်ပင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများကို (၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ်တွင် စတင်ထုတ်ချေးပေးခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရန်၊ လူမှုစီးပွားဘဝ ပိုမိုတိုးတက်စေရန်အတွက် ကျေးရွာ(၃၆)ရွာတွင်လည်း မြစိမ်းရောင်ကျေးရွာ စီမံကိန်း ချေးငွေများ ထုတ်ချေးပေးထားကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)