အိမ်တွင်းဝါးလက်မှုလုပ်ငန်းများ ကုန်ကြမ်းဈေးတက်သော်လည်း ရောင်းအားကောင်းသောကြောင့်အဆင်ပြေ

သထုံ    ဇန်နဝါရီ    ၂၇

 

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ အိမ်တွင်းဝါးလက်မှုလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ယခုနှစ်ပွင့်လင်းရာသီတွင် ကုန်ကြမ်းပစ္စည်းများဝယ်ယူရာ၌ ဈေးမြင့်နေသော်လည်း ရောင်းအားကောင်းနေသောကြောင့် အဆင်ပြေကြကြောင်း သပြေနီကျေးရွာရှိ ဝါးကုတင် ဝါးကုလားထိုင် တနိုင်တပိုင် ပြုလုပ်ရောင်းချနေသူများထံမှ သိရသည်။

"ဒါတွေက ခရီးသွားကားတွေ၊ ဘုရားဖူးယာဉ်တွေကို အများဆုံး ရောင်းရတာဆိုတော့ ခုလိုအချိန်မှာ ရောင်းအားကောင်းတာပေါ့၊ ပြီးခဲ့တဲ့နှစ်ကတော့ ကိုဗစ်ကြောင့် ခရီးသွားနည်း တော့ တော်တော်လေးအခက်တွေ့ခဲ့ကြရတယ်၊ ဒီနှစ်ကလည်း ကုန်ကြမ်းတွေဈေးတက်တော့ စိုးရိမ်နေရတာ၊ အခုလိုရောင်းအားလေးရှိလာတော့လည်း မဆိုးဘူးလို့ဘဲပြောရမှာပေါ့"ဟု သပြေနီကျေးရွာနေ ဝါးကုတင် ဝါးကုလားထိုင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူ ဦးကျော်အေးက ပြောသည်။

ဝါးလက်မှုလုပ်ငန်းများကို နှစ်စဉ်သီတင်းကျွတ်လမှစတင်၍ တန်ခူးလအကုန်ထိ ပြုလုပ် ရောင်းချလေ့ရှိကြောင်း လုပ်ကိုင်ရန်အတွက် မျက်ဆံကျယ်ဝါး(ဒေသအခေါ်)ကို အများဆုံး အသုံးပြုလေ့ရှိပြီး ဝါးအစိမ်း လှည်းတစ်စီးတိုက်မှာ ယခင်နှစ်က ၄၀၀၀၀ ကျပ်ခန့် ပေးရသော် လည်း ယခုနှစ်တွင် ၄၅၀၀၀ မှ ၅၀၀၀၀ ကျပ်ခန့်ဖြင့် ဝယ်ယူရကြောင်း ဝါးကုတင်(၆ပေ×၄ပေ) နှစ်လုံးရရှိရန် နှစ်ရက်ခန့် ကြာမြင့်ပြီး ဝါးလေးလုံးခန့်အသုံးပြုရကြောင်း သိရသည်။

ဝါးလက်မှု အရောင်းဆိုင်များကို သထုံခရိုင်အတွင်းရှိ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်များတွင် အများဆုံးတွေ့ရှိရပြီး ဝါးကုတင် တစ်လုံးလျှင် ၁၆၀၀၀ ကျပ်၊ တစ်ယောက်ထိုင် ကုလားထိုင် ၃၀၀၀ ကျပ်၊ နှစ်ယောက်ထိုင် ကုလားထိုင် ၆၅၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း ၎င်းအပြင် စားပွဲခုံ၊ ပလိုင်း၊ ဝါးနှီးခမောက်၊ ဆန်ကော၊ ဆန်ကာ  စသည့် ဝါးနှင့်ပြုလုပ်၍ရသော လူ့အသုံး အဆောင်ပစ္စည်းများကိုပါ ပြုလုပ် ရောင်းချနေကြကြောင်း သိရသည်။

ဘီးလင်းမြို့နယ်အတွင်းမှ ထွက်ရှိသည့် ဝါးလက်မှုလုပ်ငန်း အသုံးအဆောင်ပစ္စည်းများမှာ ဒေသတွင်းရောင်းချမှုအပြင် သထုံ၊ ပေါင်၊ မော်လမြိုင်၊ ဘားအံ၊ ပဲခူး အစရှိသည့် အနီးဝန်းကျင်ဒေသများရှိ အရောင်းဆိုင်များမှလည်း လာရောက်မှာယူကြကြောင်း သိရသည်။

 

ကိုကိုဦး(ပြန်/ဆက်)