တံတားဦး ဇန်နဝါရီ ၂၇
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်း စိုက်ပျိုးကြသည့် ကွမ်းရွက်များ ဈေးကောင်းရသောကြောင့် ဒေသတွင်းမှာရှိတဲ့ ကွမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူ အချို့၏ ပြောကြားချက်များအရသိသည်။
“ကွမ်းကအထွက် နည်းလာပြီ၊ အထွက်နည်းတော့ ဈေးတက်တာပေါ့၊ ကျွန်တော်တို့က နေ့စားမငှားဘဲ ကိုယ်တိုင်လုပ်တာဆိုတော့ ကျန်ပါတယ်၊ ငှားရင်မကိုက်ဘူးလေ၊ လွန်ခဲ့တဲ့ နှစ်တွေက ရာသီဥတုမကောင်း ပိုကလည်းကျနဲ့ ကွမ်းစိုက်သူတွေ တော်တော်ရှုံးခဲ့တော့ သိပ်မစိုက်ကြတော့ဘူး၊ ဒီနှစ်ကတော့မဆိုးဘူလို့ ပြောရမှာပါ၊ ကွမ်းရွက်စိုက်ပျိုးရန် တိုင်(၁၀၀၀)စိုက်ပျိုးပါကခန့်မှန်းကုန်ကျငွေ ကျပ်(၁၀)သိန်းကျော်ရှိတဲ့အတွက် ကွမ်းအထွက် ကောင်းဆုံးအချိန်တွင် တစ်ကြိမ်ခူးရပါက ကွမ်းပိဿာချိန်(၅၀)ခန့်ရရှိကာ တစ်လလျှင် နှစ်ကြိမ်ခူးနိုင်ကြောင်းလည်း “တံတားဦးမြို့နယ် နွားခြံကြီးကုန်းကျေးရွာအုပ်စု၊ သစ်တော်ဖျား ကျေးရွာမှ ကွမ်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ယခုနှစ် ကွမ်းစိုက်ရာသီတွင် ရာသီဥတုကောင်းမွန်ပြီး အထွက်နှုန်းကောင်းမွန်သောကြောင့် လက်ရှိအချိန်တွင် ကွမ်းရွက်တစ်ပိဿာ ငွေကျပ် (၃၀၀၀)မှ (၃၅၀၀) ကျပ်အထိ ခြံဈေး ရရှိကြောင်း ယခင်နှစ်တွင် ကွမ်းစိုက်ပျိုးသူ အများအပြားရှိသော်လည်း မိုးရာသီတွင် မိုးများပြီး ရွက်ပုတ်(အဆစ်ပိုး)ကျပြီး ပျက်စီးမှုများနှင့် နွေရာသီတွင် ရေပြတ်လပ်၍ အပင်သေဆုံးမှုများ ကြောင့် ဆုံးရှုံးမှုများရှိခဲ့ကြောင်းသိရသည်။
ရဲတင့်