တာချီလိတ် မတ် ၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ တာချီလိတ်ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်မျဉ်း လမ်းကြောင်းပေါ်ရှိ လွယ်တော်ခမ်းကျေးရွာအုပ်စု ဗာလကျေးရွာသို့ ယနေ့ နံနက် ၁၀ နာရီအချိန်က သွားရောက်ပြီး မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေး၊ တောမီးနှင့်အခြား အကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုများ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် ဝန်ကြီးမှ လေထုညစ်ညမ်းမှု လျှော့ချရေးနှင့် ပတ်သက်၍ ဆွေးနွေးမှာကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်မှ ဒေသ ဖွံ့ဖြိုးရေးအတွက် ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် အသိပညာပေးဟောပြောခဲ့ပြီး ကျေးရွာသားများမှ သိရှိလိုသည်များ မေးမြန်းခြင်းနှင့် ပြန်လည် ဖြေကြားပေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ကျေးရွာနေပြည်သူများ၏ ဆန္ဒဖြစ်သော ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအတွက် ဝန်ကြီးမှ ဆက်လက် ပြောကြားရာတွင် ရွာသားများမှ မြေနေရာ ရှာဖွေသတ်မှတ်ပြီးပါက ပြည်နယ်အစိုးရအနေဖြင့် အပြည့်အဝ ဆက်လက်ကူညီ ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် အတူ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ သစ်တော၊ မီးသတ်၊ ကျန်းမာရေး၊ သတ္တုတွင်း၊ ကျေးလက်၊ မြေစာရင်း၊ ဘေးစီမံစသည့် ဦးစီးဌာနများမှ တာဝန်ရှိသူများ လိုက်ပါ၍ အသိပညာပေး ဟောပြောခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ယာဆေး (ပြန်/ဆက်)