မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက် များအား  မွန်/မြန်မာနှစ်ဘာသာဖြင့် အသိပေးလိုက်လံနှိုးဆော်

မုဒုံ   ဇန်နဝါရီ  ၂၇

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြို တင်ကာကွယ်ရေးအတွက်  ယနေ့ နံနက်ပိုင်းက  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများ အရောက် မွန်/မြန်မာနှစ်ဘာသာဖြင့်   အသိပညာပေးလိုက်လံနှိုးဆော်သည်။

အသိပေးနှိုးဆော်ရာတွင် ကိုဗစ် -၁၉ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသည်မှာကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ ကူညီ ပံ့ပိုးမှုများအပြင်  ပြည်သူလူထု၏စည်းကမ်းလိုက်နာမှု  ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံမှုသည် အနောက်နိုင်ငံများတွင် ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံများ ဆီသို့ ရောက်ရှိလာပြီဖြစ်ရာ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါကို ကာကွယ်တားဆီးနိုင် ရေးအတွက် အထူးသတိပြုကြရမည်ဖြစ်ကြောင်း၊  မိဘပြည်သူများအနေနှင့် လူစုလူဝေး ရှောင်ကြဉ်ခြင်း၊ နေအိမ်ပြင်ပသို့ထွက်တိုင်း    နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်း၊ လက်ကို စနစ်တကျမကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး  ခြောက်ပေအကွာ နေထိုင်ခြင်း  စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများ အနေဖြင့် ဆက်လက်လိုက်နာကျင့်သုံးသွားကြပါရန်နှင့် ပူးပေါင်းပါဝင်ပေးကြပါရန်  တိုက်တွန်းနှိုးဆော်ခဲ့ကြောင်းသိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)