မိုးမိတ်မြို့တွင် လူရည်ချွန်၊ တက္ကသိုလ်ဝင်တန်း ဘာသာစုံဂုဏ်ထူးရှင်နှင့် ဂုဏ်ထူးရ ကျောင်းသား/သူများနှင့် အောင်မြင်သူများအား ဂုဏ်ပြုပွဲကျင်းပ

မိုးမိတ် ဩဂုတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့ အမှတ်(၂) အခြေခံပညာ အထက် တန်း ကျောင်း၏ ၂၀၂၀ ပြည့်နှစ် လူရည်ချွန် ဆုရရှိသူ၊ ဘာသာစုံဂုဏ်ထူးရှင်၊ ဂုဏ်ထူးရ ကျောင်းသား/သူများနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ အား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်မှာလဲ (၆) ဘာသာဂုဏ်ထူရှင်တစ်ဦး ပေါ်ထွက်လာခဲ့ပါတယ် ယခုနှစ်မှာလဲ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းရဲ့ဂုဏ်ဆောင်၊ မြို့နယ်ရဲ့ ဂုဏ်ဆောင်(၆) ဘာသာ ဂုဏ်ထူးရှင် တစ်ဦးပေါ်ထွက်လာတဲ့အတွက် ကြည်နူးဝမ်းသာရပါတယ်  ယနေ့ခတ် လူရွယ် လူငယ်တွေဟာ ကျန်းမာသန်စွမ်းရမယ် ၊ ရိုးသားဖြောင့်မတ်ရမယ် ပညာရည် ပြည့်ဝရမယ် ဒါမှသာ နိုင်ငံတော်ရဲ့ အနာဂတ်ဟာ ပိုမိုဖွံ့ဖြိုးတိုး တက်လာမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်သန်း နိုင်ငံသားတိုင်း အခြေခံပညာ ပြီးမြောက်အောင်မြင်ရေးသည် ရည်မှန်းချက်တာဝန် တစ်ခု ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီခိုင်က ကျေးဇူးတင်စကားပြန်လည် ပြောကြား ခဲ့ပြီး လူရည်ချွန်ဆုရရှိသူ၊ ဘာသာစုံဂုဏ်ထူးရှင်၊ ဂုဏ်ထူးရ ကျောင်းသား/သူများ နှင့် တက္ကသိုလ်ဝင်တန်း အောင်မြင် သူများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

မိုးမိတ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၀ ပြည့်နှစ်တွင် နှစ်ထပ်ကွမ်း လူရည်ချွန်ဆုနှင့် တက္ကသိုလ်ဝင်တန်းတွင် (၆) ဘာသာဂုဏ်ထူရှင် (၁)ဦး ၊ (၃) ဘာသာ ဂုဏ်ထူရှင် (၂)ဦး ၊ (၂) ဘာသာဂုဏ်ထူရှင် (၂)ဦး၊   (၁) ဘာသာဂုဏ်ထူရှင် (၉)ဦး၊ နှင့် ရိုးရိုးအောင်မြင်သူ (၂၃) ဦး နှင့်  အဌမတန်းတွင် လူရည်ချွန်ဆုရရှိသူ တစ်ဦး ပေါ်ထွက်လာခဲ့ကြောင်းသိရသည်။

သမီးက နှစ်အစထဲကနေ စာတွေကိုပုံမှန်ကျက်ခဲ့ပါတယ်၊ အိမ်စာတွေကို ပုံမှန်လုပ်ပြီးတော့ ဆရာ/ဆရာမများရဲ့ သင်ကြားပြသမှုကိုလဲ ဂရုတစိုက်နဲ့ လေ့လာမှတ်သား သင်ယူခဲ့လို  အခုလို (၆)ဘာသာဂုဏ်ထူးရရှိခဲ့တာဖြစ်ပါတယ် ၊ သမီး က၂၀၁၈-၂၀၁၉ ပညာသင်နှစ် နဝမတန်းမှာလည်း လူရည်ချွန်ဆု ရရှိခဲ့သလို ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဒသမ တန်းမှာ လူရည်ချွန်ဆု ထပ်မံရှိခဲ့တဲ့အတွက် နှစ်ထပ်ကွမ်းလူရည်ချွန် ဆုရရှိခဲ့တဲ့အတွက် အရမ်းဝမ်းသာ ကြည်နူး မိပါတယ်ဟု (၆)ဘာသာဂုဏ်ထူးရှင် မဆုမြတ်နိုးက ပြောကြားခဲ့သည်။

မိုးမိတ်သား(စည်သူဌေး)