သံတွဲ ဇန်နဝါရီ ၂၇
၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ရခိုင်ပြည်နယ်အမျိုးသမီးဘောလုံးအသင်းသည် ယမန်နေ့ မွန်းလွဲ ၃နာရီက မော်တော်ယာဉ်ဖြင့် အမ်းမြို့မှ သံတွဲမြို့သို့ရောက်ရှိလာရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးလှဟန်နှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ ကျောင်းသား၊ ကျောင်းသူများက ပန်းစည်း၊ ပန်းကုန်းများ ဆက်ကာ လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။
ဆက်လက်၍ အောင်ပွဲရ အားကစားသမားများသည် အုပ်ချုပ်သူနည်းပြများနှင့်အတူ သံတွဲမြို့တွင်းနှင့် ငပလီကမ်းခြေများသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ပြီး ဂုဏ်ပြု အောင်ပွဲခံကြရာ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ မိဘပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြပြီး ဂုဏ်ပြုပန်းစည်းများ၊ ဂုဏ်ပြုလက်ဆောင်များ၊ အချိုရည်၊ ရေသန့်ဘူများနှင့် အောင်သပြေများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
အဆိုပါ အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းသည် ပွဲစဉ်အုပ်စုတွင် နေပြည်တော် အမျိုးသမီးအသင်းကို ၅ ဂိုး ၁ ဂိုး၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၃ ဂိုး ၁ ဂိုး၊ ကွာတား ဖိုင်နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၃ ဂိုး ၂ ဂိုး၊ ဆီမီးဖိုင်နယ်တွင် မွန်ပြည်နယ် အသင်းကို ၃ ဂိုး ဂိုးမရှိနှင့် ဗိုလ်လုပွဲတွင် ရှမ်းပြည်နယ်အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိကာ တံခွန်စိုက်ဒိုင်းဆုကြီးကို ထိုက်ထိုက် တန်တန် ဆွတ်ခူးရရှိခဲ့သည်။
၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲကို ဇန်နဝါရီလ ၇ ရက်နေ့မှ ၂၁ရက်နေ့အထိ နေပြည်တော်ဝဏ္ဏသိဒ္ဓဘောလုံးကွင်း၌ ကျင်းပရာ ပြိုင်ပွဲဝင်အသင်း ၁၃ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)