ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး

ဇေယျာသီရိ  ဇန်နဝါရီ  ၂၆

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာ ရေဆင်းကျေးရွာအုပ်စု၊ ရေဆင်းကျေးရွာ ရွှေကျောင်းဓမ္မာရုံ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။                                                  

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  ပြည်ထောင်စုနယ်မြေ၊ ဒုတိယတိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်က နိုင်ငံတော်မှ ပန်းခင်းစီမံချက်တွင် ပြည်သူများပိုမိုဆောင် ရွက်လာစေရန်နှင့် ငွေကြေးမတတ်နိုင်သူများအတွက် အဆင်ပြေစွာဆောင်ရွက်နိုင်ရန် ဓာတ်ပုံဖိုး၊ သွေးစစ်ခများပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ဥပ​ဒေနှင့်အညီ ကိုင်ဆောင်လက်မှတ် လူတိုင်းရရှိအောင် မိမိဌာနမှ အရှိန်ဟုန်မြှင့် ဆောင်ရွက်နေပြီး ပြည်သူကြားတွင် ပန်းခင်းဖြစ်အောင် ဆောက်ရွက်နေကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဥတ္တရခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက ပန်းခင်းစီမံချက် အကြောင်းရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ကွင်းဆင်းဆောင်ရွက်နေမှုအား ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးရာ ဇေယျာသီရိမြို့နယ်ဦးစီးမှူး ဦးစီးအရာရှိဦးစန်းလွင်မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေး နေမှုအား လိုက်လံရှင်းလင်း ပြောကြားခဲ့သည်။     

ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် သတ်မှတ်ချက်ဖြင့်ကိုက်ညီသည့် ရေဆင်း ကျေးရွာအုပ်စုမှ ပြည်သူ(၁၇၅)ဦးကို  နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ် ဆောင်ရွက်လိုပါက  ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့်ချိတ်ဆက်ပြီးမြို့နယ်ရုံးသို့ လာရောက်ပြုလုပ်နိုင်ကြောင်း ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှသိရသည်။ 

မြို့နယ်(ပြန်/ဆက်)