မိုင်းယောင်းမြို့၌ အကြမ်းဖက်အဖွဲ့များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပြည်သူများ ပါဝင်ပတ်သက်ခြင်း မရှိစေရန် အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်

မိုင်းယောင်း ဇန်နဝါရီ   ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၌ အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပြည်သူများအနေ ဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် ပါဝင် ပတ်သက်ခြင်းမရှိစေရန် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ ညနေ ၁၅:၃၀ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲအစည်းများ၊ လူပုဂ္ဂိုလ် များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရား များဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်း၊ ပြည်သူ များအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။

ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်သဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသူ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများ အပေါ် လိုက်ပါပြုလုပ်ခြင်း မပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း စသည်ဖြင့် အသိပေးနှိုးဆော်ခဲ့သည်။

ထိုသို့ အသိပေးနှိုးဆော်ခြင်းကို မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်