ဒဂုံအရှေ့ ဇန်နဝါရီ ၂၇
အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် မာဂဓီ-သာစည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်အရှင်နေမိန္ဒ (ပဓာနနာယက ကျောင်းအုပ်ဆရာတော်) စာရေး ဆရာနေနေနိုင်သူရေးသားခဲ့သော “ဘဝအောင်မြင်ရေး လူ့သဘာဝတ္ထအပိုင်းအစများ” စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် စာရေးဆရာနန်း ဦးဝေလျှံက ဆရာတော်အရှင်နေမိန္ဒ စာရေးဆရာ နေနေနိုင်သူ၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြား၍ စာရေးဆရာကောင်းကျော် (စီးပွားရေး)က အမှတ်တရစကား ပြောကြားပြီး စာရေးဆရာ နေနေနိုင်သူက စာအုပ်မိတ်ဆက်ခြင်းနှင့် စာအုပ် ဖြစ်ပေါ်လာရခြင်းအကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တစ်သက်တာ စာပေဆု အမျိုးသားစာပေဆု ပခုက္ကူဦးအုန်းဖေ စာပေဆု (နှစ်ကြိမ်)ရ စာရေးဆရာ သူရဇော်က အမှတ်တရ ဂုဏ်ပြုစကားပြောကြား၍ မြို့နယ်ဦးစီးမှူး ဒေါ်အေးမဉ္ဇူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာသူများအား အမှတ်တရစာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ(ပြန်/ဆက်)